ကျုံ​ပျော်မြို့တွင် Quarantine ဝင်​ရောက်သူများ စိတ်ခွန်အားဖြစ်​စေရန် အား​​ပေး​ဟော​ပြောခြင်းဆောင်ရွက်

ကျုံ​ပျော်မြို့တွင် Quarantine ဝင်​ရောက်သူများ စိတ်ခွန်အားဖြစ်​စေရန် အား​​ပေး​ဟော​ပြောခြင်းဆောင်ရွက်

ကျုံ​ပျော် ​မေ ၈


ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံ​ပျော်မြို့နယ်တွင် ကိုဗစ် - ၁၉ ​ရောဂါကာကွယ်​ထိန်းချုပ်ရေးအတွက် Facility Quarantine ဝင်​ရောက်​နေထိုင်သူများအား စိတ်ခွန်အားဖြစ်​စေရန် စာ​ရေးဆရာမ နှင်းပန်းအိမ်နှင့် နိုင်ငံ​ရေးအကျဉ်းသား များ ကူညီ​စောင့်ရှောက်​ရေး အဖွဲ့က အား​ပေးဟော​ပြောခြင်းကို ယမန်နေ့​ ည​နေ ၅ နာရီခွဲ အချိန်က မြန်ပြည်သား​ကောင်းကိုယ်ပိုင်အထက်တန်း​ကျောင်း Quarantine Centre တွင် ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။

​ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်​တော်ကိုယ်စားလှယ် မန်း​ဂျော်နီက အား​ပေးအမှာစကား​ပြောကြားပြီး၊ နိုင်ငံ​ရေးအကျဉ်းသားများ ကူညီ​စောင့်ရှောက်​ရေးအဖွဲ့မှ စာ​ရေးဆရာမ နှင်းပန်းအိမ်နှင့် ဦး​အောင်မျိုး​ကျော်တို့က အား​​​ပေးစကား​ပြောကြားရာတွင် ယ​နေ့ Quarantine ဝင်​ရောက်သူများသည် အပြစ်တစ်စုံတစ်ရာ ရှိခြင်း​ကြောင့် မဟုတ်​ပဲ ယခုဖြစ်ပွား​နေ​သော ကိုဗစ်-၁၉ ​ရောဂါပြန့်ပွားမှုမရှိ​စေ​ရေးအတွက် ကူညီ​​ဆောင်ရွက်​ပေး​နေသူများဖြစ်​ကြောင်း၊ မိမိတို့ နိုင်ငံသည် ​ငွေ​ကြေးပြည့်စုံမှု မရှိ​သော်လည်း ​စေတနာနှင့်လုပ်အားပြည့်စုံ​သည့်အတွက် အခြားနိုင်ငံကြီးများမ​ဆောင်ရွက် နိုင်သည့် ယခုကဲ့သို့ Facility Quarantine များ​ကိုဆောင်ရွက်နိုင်ပြီး ကိုဗစ်​ရောဂါကို ထိန်းချုပ်တိုက်ထုတ်​နေနိုင်ခြင်းဖြစ်ပါ​ကြောင်း၊ လာ​ရောက်​နေထိုင်သူများအ​နေဖြင့်လည်း မိမိ၏ မိသားစု၊ ရပ်ရွာနှင့် တိုင်းပြည်အကျိုးအတွက် သယ်ပိုး​နေသူများအဖြစ် မိမိကိုယ်ကိုခံယူ​နေထိုင်ပါက သက်​တောင့်သက်သာဖြစ်ပြီး စိတ်ချမ်း​မြေ့ နိုင်မည်ဖြစ်ပါ​ကြောင်း၊ စက်ရုံအလုပ်ရုံစသည့်လုပ်ငန်းခွင်ဝင်​ရောက်ကြရမည့်သူများအ​နေဖြင့်လည်း ယခု​စောင့်ကြည့်ရက်များ​ကြောင့် လုပ်ငန်းမှဖယ်ရှားခံရခြင်း၊ လုပ်ငန်းထိခိုက်ခြင်းများ မရှိ​အောင် သက်ဆိုင်ရာများနှင့် ညှိနှိုင်း​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း အား​ပေး​ဟော​ပြောကြသည်။

ထို့​နောက် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးစိုး​အောင်နိုင်၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးအောင်စိုးမိုးနှင့် ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာတင်​ဇော်ဝင်းတို့က မြို့နယ်အတွင်း ကိုဗစ်​ရောဂါ ကာကွယ်​ရေး ဆောင်ရွက်​နေမှု၊ Quarantine ​များဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု ​လုပ်ငန်း​ဆောင်ရွက်​ပေး​နေမှုများအား ရှင်းလင်း​ပြောကြားကာ ၊ Quarantine ဝင်​ရောက်သူများကို အား​ပေးစကားများထပ်​ဆောင်း​ပြောကြားကြသည်။

အဆိုပါ နိုင်ငံ​ရေးအကျဉ်းသားများ ကူညီ​စောင့်ရှောက်​ရေးအဖွဲ့အ​နေဖြင့် ​မေ ၇ ရက်က ကျုံ​ပျော်မြို့နယ်အတွင်းရှိ အင်းရဲ အ.ထ.က ရှိ Quarantine ဝင်​ရောက်​နေသူများနှင့် မြန်ပြည်သား​ကောင်း ကိုယ်ပိုင်အထက်တန်း​ကျောင်းတို့မှ Quarantine ဝင်​ရောက်​နေသူများအား စိတ်ခွန်အားဖြည့် အား​ပေးစကားများ​ပြောကြားပြီး၊ ဆက်လက်၍လည်း တိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ်များမှ Quarantine ဝင်​ရောက်​နေသူများထံသို့ ဆက်လက်သွား​ရောက်ကာ အား​ပေးစကားများ ​ပြောကြား​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

​နေဝင်းမြင့်(ပြန်/ဆက်)

Post a Comment

0 Comments